Monday, August 10, 2009

ရသစာပေများကိုခံစားခြင်း


ဒီကဏ္ဍလေးကိုရေးရတာကတော့ ရသစာပေ၀ါသနာပါတဲ့သူတွေအတွက်ပါ။ကျွန်တော်ကိုယ်တိုင်လည်းဝါသနာပါပါတယ်။
ဖတ်မိသမျှ ရသစာပေတွေ၊ ဖတ်ဖူးသမျှ ပြီးတော့မှတ်မိသမျှတွေကို ခံစားမျှဝေချင်လို့ပါ။
ဘယ်သူမဆို ဝေဖန်လို့ရပါတယ်။

ပထမဆုံးအနေနဲ့ ကျွန်တော် `သစ်ပင်´ဆိုတဲ့ဝတ္ထုလေးကို ခံစားပြပါမယ်။ဝတ္ထ္ထုကိုမပြောပြခင် ၀တ္ထုရေးတဲ့သူအကြောင်းအရင်ပြောပါမယ်။ ရဟန်းတော်တစ်ပါးဖြစ်ပါတယ်။မြန်မာနိုင်ငံကနေသီရိလင်္ကာမှာ
ပညာသင်သွားရင်း ရေးထားတာပါ။
အခု သူရေးတဲ့သစ်ပင်ဆိုတဲ့ဝတ္ထုလေးကို အရင်ဖတ်ကြည့်ရအောင်ပါ။





                တစ်နေ့ အရှင် ညနေပိုင်း ပင်လယ်ကမ်းခြေ နားကို လမ်းလျှောက်သွားတော့ အင်မတန် ထုးဆန်းသော အကိုင်းအခတ်တွေမရှိပဲ ထီးထီးရှိနေသော သစ်ပင်အိုကြီးတပင်ကို တွေ့လိုက်ပါတယ်။ ထိုင်ချင်စိတ် ပေါက်သွားတာနဲ့သစ်ပင် ဘေးဘက် ကျောက်တုံးပေါ်မှာ ထိုင်လိုက်ရင်း ဒီသစ်ပင်ကြီးဟာ ဟိုတုန်းကဆို တော်တော်လေး အရိပ်အာဝါသကောင်းမယ် လို့ အသံထွက်အောင်ပြောနေတုန်းရှိသေး ငိုသံကြားလိုက် မိတယ်။ဘယ်ကအသံပါလိမ့်ဆိုပြီးကြည့်လိုက်တော့ ..........
ဘယ်ဟုတ်မတုန်း သစ် ပင်ကြီးက ငိုနေတာလေ။ ဒါနဲ့ အရှင်က.......
" တယ်ထူးဆန်းလိုက်ပါဘိ သစ်ပင်အို ၊ဘာကြောင့် ငါ့ရှေ့မှာ ခုလို ၀မ်းနည်းစွာ ငိုပြနေရတာတုန်း " ဆိုတော့ သစ်ပင်အိုက ........
"ကိုဝင်းဦးနှင့်တူသော ဆရာတော်ဘုရား, ဟိုတုန်းက ဆို တပည့်တော်မှာ အလွန့်ကို ကြီးမားတုတ်ခိုင်ပြီး လက်တန်တွေနဲ့တူတဲ့ အကိုင်းအခတ်တွေ။ စိမ်းစိုလှပနေတဲ့ အစိမ်းရောင် သစ်ရွက်တွေ။ ကြီးမားတဲ့ ပင်စည်နဲ့ချိုမြိန်သော အရသာရှိသော အသီးအပွင့် တွေကို ပိုင်ဆိုင်ရတဲ့ သစ်ပင်ကောင်းကြီးတစ်ပင်ပါ "လို့ပြောတယ်။

အရှင်ကလည်း ပြန်ပြောပါတယ်
" ဘာကြောင့်များ ယခုလို့ အကိုင်းမရှိ အရွက်မရှိ ဖြစ်သွားသလဲ "ဆိုတော့ သူကပြောပါတယ် ။
"တပည့်တော်ကို ကူညီပါဘုရား "
" ဘာလည်းပြော နိင်သလောက်ကူညီမယ်ဆိုတော့ ၀မ်းသာလိုက်တာ ဆိုပြီး ဒါဆိုလူတွေ တွေ့ရင်လည်း ပြောပေးပါ တိရစ္ဆာန်တွေ့ တွေ့ရင်လည်း ပြောပေးပါ ကိုဝင်းဦး။ ကိုနိုင်းနိုင်း။ ကိုနေထက်လင်းတို့က လိုက်၍တူနေပါသော အရှင်ဘုရားတဲ့။ ( ကိုယ်တိုင်လည်း သိနေတာဆိုတော့ သူပြောလည်း မမြောက်ပါဘူးလေ) ကောင်းပါပြီး ဆိုတော့ ခြေများစွာရှိသော သတ္တ၀ါ ခြေရှစ်ချောင်း ခြေလေးချောင်း ခြေနှစ်ချောင်း ရှိသော သတ္တ၀ါ တွေ နှင့် ခြေမရှိသော မြွေစသော သတ္တ၀ါတွေ အားလုံးတို့သည် တပည့်တော် ၏ အရိပ်ကိုလည်း ခိုလှုံကြပါသည်။ တပည့်တော်၏ အသီးအရွက်ကိုလည်း စားသုံးကြပါသည်။ အသီးအရွက်တွေတင်မကပါဘူး အကိုင်းကလေးတွေကိုလည်း တစ်ခါတစ်လေ ချိုးသွားခဲ့ပါသည်။ ငှက် ရှဉ့် စသော အကောင်းတွေကလည်း သူတို့၏ အိမ်သဖွယ်အသိုက် အအုံတွေနှင့် ဆောက်လုပ်ကာ နေထိုင်ခဲ့ကြပါသည်။ တပည့်တော် လည်း ဒါကို အလွန် သဘောကျခဲ့ပါသည်။ ငါ့ကို အမှီပြုပြီးတော့ အားလုံးသော သတ္တ၀ါတွေ ကျန်းမာ ချမ်းသာကြတယ် ဆိုတော့ ဘယ်သူက ၀မ်းမသာပဲရှိပါမလဲဘုရား။ ဒါကြောင့်လည်း သူတို့အားလုံးကို လိုလိုလားလားနှင့်လည်း လက်ခံခဲ့ပါသည်။ နောက်ပိုင်း တပည့်တော်အပေါ် မစင်စွန့်ခြင်း အပေါ့သွားခြင်း စသည်တွေကိုပါ ပြုလုပ်လာပါသော်လည်း တပည့်တော် သူတို့အားလုံးကို အပြစ်မယူခဲ့ပါဘုရား။ အပြစ်မပြောခဲ့ပါ။ ဆောင်းတွင်းပိုင်းမှာ သူတို့တွေကို ချမ်းမှာစိုးလို့ တပည့်တော် ရဲ့ အရွက်ခတ်တွေနှင့် ကာကွယ်ပေးခဲ့ပါသည်။ နွေပိုင်းရောက်တော့လည်း အေးချမ်းမှုကိုရအောင် အရွက်ကို ပေါများအောင်ဆောင်ရွက်ပေးခဲ့ပါသည်။ မိုးတွင်းပိုင်းရောက် ပြန်တော့လည်း တပည့်တော် မိုးမှ သူတို့ကို ကာကွယ်ပေးခဲ့ပြန်ပါသည်။ သစ်တောက်ငှက် စသော ငှက်တွေသည် တပည့်တော် ၏ ကိုယ်ပေါ်ကို နှုတ်သီးဖြင့် ထိုးဆွ ပြီး သူတို့၏ အစာအဟာရကို ရှာဖွေ ကြပါသည်။ အလွန်ကို နာကျဉ်သော်လည်း အပြုံးမပျက်ခဲ့ပါ။

နောက်ပိုင်း သစ်ပင်ပေါ်မှာ နေထိုင်ခွင့်ပြုထားသော သတ္တ၀ါတွေကလည်း တပည့်တော်ကို ဒုက္ခပေးနေပါပြီ။ နွားစသော အကောင်တွေလည်း တပည့်တော်၏ အရွက်အခက် တွေကို ဆွဲ၍ ဆွဲ၍ စားသောက်နေကြပါသည်။ နာကျဉ်လွန်းလှ ပါသည်ဘုရား၊ အရှင်တို့လို လူစသောသတ္တ၀ါတွေကလည်း တပည့်တော် ၏ အရိပ်ကိုနား အသီးကို စားပြီးတပည့်တော်ကိုသတ်ဖို့ကြံစည်နေပါပြီ။တပည့်တော် သူတို့ကို အပြစ်တစ်စုံတရာမလုပ်ခဲ့မိပါဘုရား သူတို့သာလျင်တပည့်တော် ကိုမှီပြီး ချမ်းသာနေကြပါသည်။ တပည့်တော်၏် အပေါ်မှာနေထိုင်နေကြသော သတ္တ၀ါတွေကလည်း နှိပ်စက် အောက်က အသိဉာဏ်ရှိသော သတ္တ၀ါတွေကလည်း နှိပ်စက၊် ကြာတော့ တပည့်တော် သိလိုက်ပါပြီဘုရား ငါ့ကို သူတို့ဘာကြောင့် သတ်ချင်နေပါလိမ့်ဆို ပြီး စဉ်စားမိလိုက်တော့ တပည့်တော်၏ တုတ်ခိုင်သော လက်တွေကြောင့် တပည့်တော်၏ ကြီးမားတောင့်တင်းလှသော ပင်စည်ပင်ကြောင့် တပည့်တော် ခု ပျက်စီးရတော့ မယ်ဆိုတာကို သိလိုက်ရပါသည်။ တစ်နေ့ အဲဒီနေ့ကို တပည့်တော် ဘယ်တော့မှ မမေ့ပါ မိုးမလင်းခင်ဆူဆူညံညံ အသံတွေကြောင့် တပည့်တော်ကြည့်လိုက်မိပါတယ် လာနေကြပါပြီ လူတစ်စု တပည့်တော်ကို သတ်ဖို့အတွက် လက်ထဲမှာလည်း လွှတွေ ဆောက်တွေ တူတွေ ရဲတင်းတွေ ပုဆိန်တွေ ကြိုးတွေ အစရှိသည်ကိုကိုင်ပြီး ရယ်ရယ်မောမောနှင့် လာနေကြပြီ၊ သစ်ပင်ပေါ်မှာ အိပ်ပျော်နေကြကုန်သော သတ္တ၀ါတွေလည်း ကြောက်လန့်တကြား သားငယ်သမီးငယ်တွေကို လက်ဆွဲ ပြီး အဝေးကို ထွက်ပြေးသွားကြပါပြီ၊ ငါတစ်ဦးသာလျင်ရှိပါရော့လားလို့ တွေး ရင်း သူတို့ကို ကြည့်နေမိပါသည်။


ပထမဆုံးတပည့်တော် အပေါ်ကို တစ်ဦးတက်လာပြီး ပါလာသော ရဲတင်းနှင့် တပည့်တော် ၏ လက်တွေကို မညာမတာ ရက်ရက်စက်စက် ခုတ်ဖြတ်နေပါပြီ။နာကျဉ်လိုက်တာဘုရား တပည့်တော် မခံစားနိုင်လောက်အောင်ပါပဲ။ ဒီလိုနှင့် တပည့်တော်မှာ လက်တွေမရှိတော့ပါဘူးဘုရား။ အောက်ကို ကျသွားသော အကိုင်းတွေကိုလည်း လူအများက အားရပါးရ ခုတ်ထစ်နေလိုက်ကြတာ တပည့်တော် ဘယ်လိုကြည့်နိုင်မလဲ၊ ပုဆိန်ဖြင့် မပြတ်မချင်း ခုတ်နေကြတာကို အရှင်ကိုယ်ချင်းစာမယ်လိုထင်ပါတယ် အသားကိုခုတ်ကြည့်စမ်းပါ ဘယ်လိုခံစားရမှလည်းဆိုတာ။ နောက်တော့ တပည့်တော်၏ အောက်ပိုင်း ဘေးပတ်ပတ်လည် ကို ပုဆိန်နှင့် ရစ်၍ရစ်၍ ခုတ်နေကြပါသည်။ တပည့်တော်ကို သူတို့ အသေသတ်နေကြပြီဆိုတာကို သိလိုက်ပါပြီ။ တပည့်တော်မောနေပြီ အတိုချုပ်ပြီးပြောမယ်ဘုရား. ဒီလိုနဲ့ သူတို့တွေ တပည့်တော် ကိုခုတ်ပိုင်းတစ်ယူသွားပြီး တစ်ချို့ဆိုရင် အိမ်ဆောက်တယ်။ ခုန်ဖိနပ်လုပ်တယ်။ အိမ်အသုံးအဆောင်တွေလုပ်ကြပါသည်ဘုရား။ ဒါပေမယ့် အဲဒီဘ၀ရောက်တဲ့အထိ တပည့်တော် သူတို့အပေါ်ကို အပြစ်မမြင်ခဲ့ပါဘူး။ သူတို့အလိုကျ နေခဲ့ပေးရပါသည်။

ခုလည်းမကြာခင် သူတြို့ပန်လာပြီး တပည့်တော်ကို အရင်းကနေ တူးကြတော့မယ်ဘုရား။ တပည့်တော် အရှင်ဘုရားတို့လို အသိဉာဏ်ရှိတဲ့သူတွေကို ကြောက်သွားပါပြီ။ လူတွေက တကယ့်ကို ကြောက်စရာအကောင်းဆုံး အန္တရာယ်အရှိဆုံးဆိုတာကို တပည့်တော်ခု သဘောပေါက်သွားပါပြီ၊ တပည့်တော် တစ်သက် မကောင်းတာကိုမလုပ်ခဲ့ပါ အားလုံးသော သူမြတ် သူယုတ် ဆိုပြီးမရွေး တပည်တော့်၏ အရိပ်မှာ လက်ခံခဲ့သလို အမောတွေကိုလည်း ပြေပျောက်စေခဲ့ပါသည်။ ဒီအကြောင်းတွေကို အားလုံးသော သူတွေသိအောင် ပြောပြပေးပါဆိုပြီး ၀မ်နည်းစွာ ငိုကြွေးနေပါသည်. ဒီအချိန်မှာ ပဲတိုက်တိုက်ဆိုင်ဆိုင် လူတစ်စု ကလာပြီး သစ်ပင်ကို ကြိုးတွေနှင့်ချည် အပြီးအပိုင်လှဲအချ မလှဲခင်အချိန်လေးအတွင်း မှာ သစ်ပင်အိုက မျက်ရည်စတွေနှင့်အတူ အရှင့်ကို တပည့်တော် နောက်ဆုံး နှုတ်ဆက်ခဲ့ပါသည် တပည့်တော် သေရမှာ မကြောက်ပါဘုရား ။
ဒီအကြောင်းလေးတွေကိုသာ လူအများအားပြောပြပေးပါ ဆိုပြီး အရှင့်ကို မျက်နှာအလွဲ အမြစ်ကနေ ဘေးကို တစ်ခါတည်း လဲကျသွားပါတော့တယ်။ သွားရှာပြီ အကယ်၍များ ဤ သစ်ပင် အိုသာ ဆက်လက်အသက် ရှင်နေမည် ဆိုပါက ဒီသစ်ပင်ကို အကြောင်းပြုပြီး အားလုံးသော သတ္တ၀ါတွေ အရိပ်ကိုလည်း ခိုနှိင်မယ် အသီးကိုလည်း စားသုံးနှိင်မယ် သတ္တ၀ါတွေလည်း နေနိုင်ထိုင်နိုင်တယ် ဆိုတာကိုတွေးလိုက်မိပါသည်။ နောက်တော့ အရှင်လည်း စိတ်မကောင်းကြီးစွာဖြင့် သစ်ပင်အိုကို တစ်ချက်ကြည့်ပြီး အဆောင်ကို ပြန်လာခဲ့ရင်း တွေးလိုက်မိပါသည်။
အော် လူ ......လူ...........

အဲဒီဝတ္ထုလေးကိုဖတ်ပြီးသွားရင် စာဖတ်သူရင်ထဲမှာတစ်ခုခုတော့ကျန်ခဲ့မယ်လို့ထင်ပါတယ်။
တစ်ယောက်နဲ့တစ်ယောက် ခံစားရပုံခြင်းတော့ ကွာလိမ့်မယ်ပေါ့။ ဘာဘဲဖြစ်ဖြစ် ခံစားရတာတော့အမှန်ပါဘဲ။
အခု ကျွန်တော်နဲ့အတူ ဝေဖန်ခံစားကြည့်ရအောင်ပါ။

   ကျွန်တော်အဲဒီဝတ္ထုလေးကိုဖတ်ပြီးတော့ တကယ်ကိုထိထိရှရှခံစားရပါတယ်။ရေးသူကိုလည်းချီးကျုးမိပါတယ်။ဘာဖြစ်လို့လည်းဆိုတော့  တကယ်ကိုဘယ်သူမှထင်မှတ်မထားတဲ့ရှုထောင့်လေးကနေ လူတွေရဲ့စိတ်ဓာတ်တစ်ခုကို မီးမောင်းထိုးပြလိုက်တာလေးက အင်မတန်လှပပြီး ရင်ထဲကိုရောက်သွားစေလို့ပါ။
        စာပေသဘောတရားဘက်ကဝေဖန်ရမယ်ဆိုရင်လည်း ၀င်္က၀ုတ္တိအလင်္ကာနဲ့အတူ ကရုဏာရသကိုခံစားရမှာပါ။

No comments: